ခန္ဓာကိုယ်မှာ အမှတ်မိလွယ်ဆုံးနေရာဟာ သင့်မျက်နှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက တစ်ဦးချင်း ခွဲခြားရ ခက်ခဲပေမဲ့ မျက်နှာကတော့ ခွဲခြားလို့ အကောင်းဆုံးပါ။ ဒါကြောင့်လည်း မှတ်ပုံတင်၊ လိုင်စင်ဓာတ်ပုံတွေမှာ မျက်နှာပုံကိုပဲ အဓိက အမှတ်အသားပြု ရိုက်ကူးခွဲခြားထားကြတာပါ။
အဲဒီလို တစ်ဦးနှင့်တစ်ဦး ခွဲခြားနိုင်ရုံတင်မကဘဲ သင့်မျက်နှာဟာ သင့်ကျန်းမာရေးအကြောင်းကို ပြောပြနေတယ်ဆိုတာ ယုံပါသလား။ ဟုတ်ပါတယ်။ သေချာကြည့်ရှု ခွဲခြားမယ်ဆိုရင် မျက်နှာအရေပြားဟာ ကျန်းမာရေးအကြောင်း တချို့သောအရာတွေကို ပြောပြနေပါတယ်။
အသားဝါတာ၊ မျက်လုံးတွေဝါတာ
အရေပြားနဲ မျက်လုံးတွေ ဝါလာတာဟာ ကိုယ်တွင်းမှာ ပြဿနာအချို့ ရှိနေပြီဆိုတာကို ပြပါတယ်။ သွေးနီဥဆဲလ်တွေ ပြိုကွဲပျက်စီးပြီး ထွက်လာတဲ့ ဘေးထွက်ပစ္စည်းဟာ သွေးကနေ တစ်ဆင့် အရေပြားနဲ့ မျက်လုံးတွေမှာ ထင်ကျန်နေခဲ့တဲ့အခါ အသားဝါမျက်လုံးတွေ ဝါလာပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာ အသည်းက ရာနှုန်းပြည့် အလုပ်မလုပ်နိုင်သေးတဲ့အခါ အသားဝါတတ်ပါတယ်။ လူကြီးတွေမှာတော့ အသားဝါတာဟာ အရေးကြီးပါတယ်။ အသည်းရောင်ပြီး အသားဝါလေ့ရှိပါတယ်။ အသည်းတင်မကဘဲ သည်းခြေအိတ်၊ ပန်ကရိယ စတာတွေမှာ ရောဂါဖြစ်ရင်လည်း အသားဝါပါတယ်။ အရက်ကြောင့် အသည်းပျက်စီးရင်လည်း အသားဝါပါတယ်။ ဒါကြောင့် အသားဝါတာဟာ အရေးကြီးပါတယ်။
မှဲ့
မျက်နှာမှာ မှဲ့တွေပေါ်တတ်ပါတယ်။ အဖုအလုံး စိတ်နေနဲ့ ရှိသလို ရိုးရိုးအစက်အကွက်လေးတွေပုံစံလည်း ရှိပါတယ်။ အညို၊ အမည်း အရောင်တွေ များတယ်။ မှဲ့အများစုဟာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမဲ့ မှဲ့ပုံစံ ပြောင်းလာလို့ဆိုပြီး လာပြကြတဲ့သူတွေ အများကြီးပဲ။ ဆရာဝန် ကို မပြခင် ဟောဒီအချက်တွေနဲ့ အရင် စစ်ဆေးကြည့်နိုင်တယ်။
A, B, C, D, E လို့ အလွယ်မှတ်ရအောင်။
A = Asymmetry – ဘေးနှစ်ဘက်မညီညာပါ။
B = Border – နှုတ်ခမ်းသားတွန့်နေတာပါ။
C = Color – မှဲ့အရောင် မညီညာတာပါ။
D = Diameter – မှဲ့အရွယ်အစား ပဲစေ့ (သို့) ၆မီလီ မီတာထက် ကြီးနေတာပါ။
E = Evolving – ရက်သတ္တပတ်အနည်းငယ်အတွင်း မှဲ့ပုံစံပြောင်းလာတာပါ။
ဒါတွေရှိရင်တော့ ကျွမ်းကျင်သူထံ အမြန်ပြသပါ။
နှုတ်ခမ်းရေယုန်
နှုတ်ခမ်း၊ ပါးစပ်၊ နှာခေါင်းတစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေ အစုလိုက် ပေါက်လာတယ်။ နာလည်းနာတယ်။ အဲဒါ ရေယုန်ပါ။ ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ထိတွေ့မှုနဲ့ ကူးစက်လာတာပါ။ ပြီးရင် ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာထဲမှာ အောင်းနေတယ်။ ဖျားနာတဲ့အခါ စိတ်လှုပ်ရှားတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ နေရောင်ခြည် ကြာကြာထိတွေ့တဲ့အခါ၊ လစဉ်ဓမ္မတာပေါ်တဲ့အခါ စတဲ့ တစ်ခုခုမှာ ပြန်ပြန်ပေါ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ သူ့ဟာသူ ပျောက်သွားတယ်။ ဖြစ်တာဆိုးတယ်။ ခဏခဏ ပြန်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြပါ။
နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်း
လူတိုင်းလိုလို နှုတ်ခမ်းခြောက်ဖူးကြမှာပါ။ အထူးသဖြင့် ဆောင်းရာသီမှာ ပိုဆိုးတာပေါ့။ ခြောက်ရုံတင်မကဘူး။ ကွဲအက်ပြီး သွေးထွက်တာမျိုးတောင် ဖြစ်တတ်တယ်။ နှုတ်ခမ်းအဆီလိမ်းလိုက်ရင် ပြန်ကောင်းသွားတယ်။ ဒါပေမဲ့ တခြားအကြောင်းတွေကြောင့် နှုတ်ခမ်း ခြောက်တာ၊ ကွဲတာတွေလည်း ရှိတယ်။ ရေသောက်နည်းလို့ ရေဓာတ် ခန်းခြောက်တဲ့အခါ အလာဂျီဓာတ်မတည့်တာမျိုး၊ အလှကုန်မတည့် တာမျိုး၊ သောက်ဆေးတွေကြောင့် စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။
မျက်နှာပေါ်က လိပ်ပြာပုံစံအနီကွက်
ဆေးပညာနဲ့ ရင်းနှီးတဲ့သူတွေ ဒါကို ကောင်းကောင်းသိတယ်။ မျက်နှာပေါ်မှာ အနီကွက်ပေါ်တိုင်း စိုးရိမ်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို လိပ်ပြာပုံအနီကွက်ပေါ်လာရင်တော့ သတိထားပေတော့။ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ လိပ်ပြာပုံစံ အနီကွက်ဟာ Lupus ခေါ် အရေပြားလေးဖက်နာရဲ့ လက္ခဏာတစ်ခုပါ။ ကိုယ်ခန္ဓာရောဂါခုခံမှု စနစ်မှာ ပြဿနာဖြစ်နေတယ်ဆိုတာ ပြတယ်။ ဒီလို အနီကွက်အပြင် ဖျားခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ လက်ချောင်း၊ ခြေချောင်းတွေ အအေးနဲ့ တွေ့တဲ့အခါ ပြာနှမ်းခြင်းတွေပါ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလို အနီကွက်ထွက်ရင် ကျွမ်းကျင်သူနဲ့ သေချာစစ်ဆေးသင့်တယ်။
မလိုအပ်သော အမွေးအမှင်များ
အမွေးဆိုတာ ပေါက်သင့်တဲ့နေရာမှာ ပေါက်မှ ကြည့်လို့ကောင်း တယ်။ ဥပမာ ဦးခေါင်း၊ မုတ်ဆိတ် စတာမျိုးပေါ့။ မပေါက်သင့်တဲ့နေရာမှာ ပေါက်ရင် ကြည့်ရဆိုးတယ်။ ဥပမာ အဘိုးကြီးတွေ မျက်ခုံး မွှေးတွေ ရှည်လာတာမျိုး၊ နားထဲမှာ အမွေးပေါက်တာမျိုး၊ အမျိုးသမီးတွေ မေးစေ့မှာ အမွေးပေါက်တာမျိုးပေါ့။ အဲလိုပဲ လူလတ်ပိုင်း အမျိုးသမီးတွေ သားဥအိမ်မှာ အရည်အိတ်တည်ရင် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ ပေါက်တတ်တယ်။ စတီးရွိုက်လိမ်းဆေးသောက်ဆေးတွေကြောင့်လည်း အဲလိုနေရာတွေမှာ အမွေးတွေ ပေါက်တတ်တယ်။
မျက်ခွံတွဲခြင်း
ဆေးပညာအရ မျက်ခွံတွဲတာကို ptosis (သို့) blephroptosis လို့ ခေါ်တယ်။ တစ်ဖက် (သို့) နှစ်ဖက်လုံး ဖြစ်တတ်တယ်။ သိပ်ဆိုးရင် မျက်လုံးပိတ်ပြီး မမြင်ရဘူး။ မွေးကတည်းက ပါလာပြီး မစိုးရိမ်ရတာလည်း ရှိတယ်။ ဒါမှမဟုတ် ဦးနှောက်၊ အာရုံကြောနဲ့ မျက်လုံးပြဿနာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေဖြစ်တဲ့အခါ နာရီအတော်ကြာ၊ ရက်အတော်ကြာ၊ အရာဝတ္ထု နှစ်ခုမြင်၊ ကြွက်သားအားနည်း၊ အစာမျိုရေမျိုရခက်၊ ခေါင်းအရမ်း ကိုက်တာမျိုးတွေလဲဖြစ်ရင် သတိထားရမယ်။ လေဖြတ်တာရဲ့ လက္ခဏာတွေပါ။
မျက်နှာတစ်ခြမ်းရွဲ့ခြင်း
သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု လှုပ်လို့မရဘူး ဆိုရင်တော့ အရေးကြီးပြီ၊ ဆေးကုသမှုချက်ချင်းခံယူသင့်တယ်။ မျက်နှာတစ်ခြမ်း ရွဲ့ရင် လေဖြတ်တာမျိုးကြောင့် ဖြစ်တတ်သလို ဗိုင်းရပ်စ်ပိုးကြောင့် မျက်နှာ၊ အာရုံကြောရောင်ပြီး ကြွက်သားလှုပ်မရတာမျိုးလည်း ရှိတယ်။ ဒါကို Bell’s Palsy လို့ ခေါ်တယ်။ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်ကောင်းသွားတယ်။
အခြားလက္ခဏာများနှင့် တွဲပေါ်သော မျက်နှာတစ်ခြမ်းသေခြင်း
လေဖြတ်ရင် ဒါမျိုးဖြစ်တယ်။ မျက်နှာတစ်ခြမ်း လှုပ်လို့မရဘူး။ မျက်ရည်တွေကျ၊ သွားရည်တွေကျတယ်၊ မျက်နှာတစ်ခြမ်းသေတယ်လို့ ခေါ်တယ်။ ဦးနှောက်သွေးကြောပေါက်လို့ (သို့) ပိတ်လို့လေဖြတ်တာပါ။ မျက်နှာတစ်ခြမ်း ရုတ်တရက်လှုပ်လို့မရတော့ဘူး။ အဲဒါ အပြင် လက်၊ ခြေတွေ ထုံတာ၊ ကျင်တာ၊ စကားမပီတာ၊ မျက်လုံးဝါတာ၊ ခေါင်းမူးတာ၊ ရေနဲ့ အစာရေမျိုရခက်တာတွေပါ ရောနှောဖြစ်တတ်တယ်။
မျက်ခွံပေါ်က အဝါဖတ်တွေ
အပေါ်မျက်ခွံ၊ အောက်မျက်ခွံရဲ့ ထောင့်တွေမှာ အဝါဖတ်တွေ ကပ်နေသလိုမျိုး ဖြစ်နေတယ်။ အဲဒါ မျက်ခွံမှာ ကိုလက်စထရော အဆီစုတာပါ။ xanthelasma လို့ ခေါ်တယ်။ နာကျင်မှုမရှိဘူး၊ ဒုက္ခမပေးဘူး။ ဒါပေမဲ့ ကြည့်မကောင်းတာမျိုး ရှိတယ်။ မကြိုက်ရင် ခွဲထုတ်လိုက်လို့ ရတယ်။ ဒါပေမဲ့ သင့်သွေးထဲမှာ ကိုလက်စထရော အဆီများနေနိုင်တယ်။ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။
အောက်မျက်ခွံမို့ခြင်း
အောက်မျက်ခွံမှာ အရည်လိုဟာမျိုးစုလာပြီဆိုရင် မျက်ခွံမို့ပြီး ဖောင်းလာပါတယ်။ လူအိုက်စွတ်စိုတဲ့ ရာသီ၊ အိပ်ရေးပျက်ခြင်း၊ အငန်စားတာများခြင်းနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဒါမျိုးဖြစ်တတ်တယ်။ အသက်ကြီးလေ ပိုဖြစ်လွယ်လေပါ။ မျက်ခွံတင်မကဘဲ မျက်လုံးတွေပါ နီရဲတာ၊ ယားယံတာတွေ ဖြစ်တယ်ဆိုရင်တော့ အစားအသောက်၊ မိတ်ကပ်၊ ရေမွှေး၊ အလှကုန်၊ ပန်းဝတ်မှုန် စတာတွေကြောင့် အလာဂျီဖြစ်တာ၊ ရောဂါပိုးကူးစက်တာတွေကြောင့် ဖြစ်တတ်တယ်ဆိုတာ သိထားသင့်တယ်။
တင်းတိပ်
မျက်နှာမှာပေါ်လာတဲ့ အညို၊ အမည်းအကွက်တွေဟာ တင်းတိပ်ဖြစ်ဖို့ များတယ်။ အလှဖျက်တယ်၊ ကြည့်ရတာဆိုးတယ်။ ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာ၊ ဟော်မုန်းပြောင်းလဲမှု၊ သန္ဓေတားဆေး၊ နေရောင်ခြည် ထိတွေ့မှုများတာတွေကြောင့် ဖြစ်လေ့ရှိတယ်။ အလှအပပြဿနာဖြစ်လို့ နေကာလိမ်းဆေး၊ အရောင်ချွတ်ဆေး၊ ပီးလင်း (Peeling) ဆေးလိမ်းခြင်း၊ လေဆာစတာတွေနဲ့ ကုသရတယ်။
ဆံပင်ကွက်ပြီး ကျွတ်ခြင်း
မျက်ခုံးမွေးတွေ၊ မျက်တောင်တွေ ကျွတ်တယ်။ ဆံပင်လည်း ကွက်ပြီး ကျွတ်တယ်၊ ကျွတ်တဲ့နေရာမှာ လည်း ပြောင်ချောနေတယ်။ ဆံပင်အမြစ်ကနေ ကျွတ်ထွက်သွားလို့ ချောနေတာပါ။ ဆံပင်ကွက် ကျွတ်တယ်လို့ ခေါ်တယ်။ ဖြစ်တဲ့အကြောင်းရင်း အတိအကျ မသိပေမဲ့ ကိုယ်ခန္ဓာခုခံမှုစနစ် အပြောင်းအလဲကြောင့် ဖြစ်တာ များတယ်။ ဒါပေမဲ့ ကိုယ်တွင်းရောဂါ ဆိုးဆိုးဝါးဝါးဖြစ်လေ့မရှိဘူး။ လအနည်းငယ်ကြာရင် ပြန်ပေါက်လာကြတယ်။ လိမ်းဆေး၊ သောက်ဆေးနဲ့တွဲလျက် ကုရင်တော့ ပိုမြန်မြန်ပျောက်တယ်။