မှဲ့များမှပြောသော အရေပြားကျန်းမာရေး

မှဲ့ဆိုတာ ခန္ဓာကိုယ်အရေပြားတစ်နေရာမှာ အညိုအမည်းအစက်အနေနဲ့ ပေါ်လာတာကို ပြောတာပါ။ မှဲ့တစ်ခုချင်းလည်း ဖြစ်နိုင်သလို အုပ်စုလိုက် ပေါ်လာတာလည်း ရှိနိုင်ပါတယ်။

အရေပြားအလွှာဖွဲ့စည်းပုံမှာ ဆဲလ်အမျိုးမျိုး ရှိတယ်။ အဲဒီအထဲမှာ မယ်လနိုဆိုက်(melanocyte)လို့ ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေလည်း ပါတယ်။ သူတို့ကထုတ်တဲ့ ရောင်ခြယ်ဓာတ်ကြောင့် အသားအရောင် ကာလာပေါ်လာတာပါ။ ပုံမှန်အားဖြင့် ရောင်ခြယ်ဆဲလ်တွေဟာ အရေပြားမှာ တစ်ခုချင်းပျံ့နှံ့နေတာပါ။ အဲဒီလိုမဟုတ်ဘဲ ရောင်ခြယ်ဆဲလ် မယ်လနိုဆိုက်တွေ အုပ်စုလိုက် အစုအဝေးအနေနဲ့ ပေါင်းစည်းသွားကြတဲ့အခါ အညိုရောင်၊ အမည်းရောင်မှဲ့တွေ ဖြစ်လာကြတာပါ။

မှဲ့ပေါ်တတ်တဲ့အရွယ်

ပုံမှန်အားဖြင့် ကလေးဘဝအနေနဲ့ အသက် ၃၀ အတွင်းမှာ မှဲ့တွေ ပေါ်လာလေ့ရှိတယ်။ လူတစ်ယောက်ကို မှဲ့ ၁၀ လုံးကနေ အလုံး ၄၀ လောက်အထိ ရှိနိုင်တယ်။ အဲဒီအရွယ်နောက်ပိုင်းမှာတော့ မှဲ့တွေဟာ တဖြည်းဖြည်း အရွယ်နဲ့အရောင် ပြောင်းလာတတ်ကြတယ်။ တချို့ဆို အသက်ကြီးတဲ့အခါ မှဲ့တွေ ပျောက်သွားတတ်တယ်။ မပျောက်ဘဲ ဒီအတိုင်းလည်း ရှိနေတတ်တယ်။ တချို့မှဲ့တွေမှာတော့ အမွေးအမှင် ပေါက်နိုင်တယ်။ ဒါတွေအားလုံး ပုံမှန်ပါ။

နေရောင်ထိတွေ့မှုများရင် ပိုမည်းလာတတ်တယ်။ ဆယ်ကျော်သက် အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သန္ဓေတားဆေးတွေကြောင့်လည်း မှဲ့ပိုမည်း လာ၊ ပိုများလာ၊ ပိုကြီးလာတတ်တယ်။

လူတိုင်းမှာ မှဲ့ရှိတယ်။ မမွေးခင်ကတည်းက ဗီဇ (gene)ထဲမှာ ဘယ်နေရာမှာ ဘယ်လိုမှဲ့ထွက်မယ်ဆိုတာ ပါပြီးသားပါ။ မြန်မာလိုပြောရရင် ကုသိုလ်ကံပေါ့။ အိုင်တီစကားနဲ့ပြောရရင် ပရိုဂရမ် ထည့်ပြီးသားပါ။ သင်ရော၊ ကျွနု်ပ်ပါ ရွေးချယ်လို့ မရပါဘူး။

သတိပြုရမယ့်မှဲ့

ဂရုစိုက်ရမယ့် မှဲ့နှစ်မျိုး ရှိတယ်။ congenital Nevi နဲ့ Dysplastic Nevi ပါ။

Congenital Nevi ဆိုတာ မွေးကတည်းကပါလာတဲ့မှဲ့ပါ။ လူတစ်ရာ မှာ တစ်ယောက်လောက် ဖြစ်တတ်တယ်။ မွေးပြီးမှပေါ်တဲ့မှဲ့ထက် ကင်ဆာ ဖြစ်နိုင်ခြေပိုများတယ်။ အရွယ်ကြီးလေ ပိုဆိုးလေပါ။ အရွယ် ၇ မီလီမီတာ ထက်ကြီးရင် ဂရုစိုက်ရမှာပါ။

Dysplastic Nevi ဆိုတာ သာမန်မှဲ့ထက် ပိုကြီးတယ်။ ခဲတံ၊ ခဲဖျက် အရွယ်ထက် ပိုကြီးတယ်၊ ပုံသဏ္ဌာန်လည်း မညီညာဘူး၊ အရောင်ညီညာမှု မရှိဘူး၊ နှုတ်ခမ်းတွန့်နေတာမျိုးတွေ ဖြစ်နေတတ်တယ်။ ဒီလိုမှဲ့ပိုင်ရှင်တွေ မှာ မှဲ့တစ်ရာကျော်အထိ ရှိနေတတ်တယ်။ မှဲ့ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်။ အရေပြားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေရပါတယ်။

မှဲ့ကင်ဆာ

မှဲ့ကင်ဆာဆိုတာ အရေပြားကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ အရေပြား ကင်ဆာတွေကို နှစ်မျိုးခွဲနိုင်တယ်။ မှဲ့ကင်ဆာနဲ့ မှဲ့ကင်ဆာမဟုတ်သော အခြားကင်ဆာတွေပါ။ အခြားကင်ဆာတွေက အသက်ဆုံးရှုံးမှု နည်းတယ်။ မှဲ့ကင်ဆာလောက် မဆိုးဘူး။ မှဲ့ကင်ဆာက အသိနောက် ကျရင် အသက်ဆုံးရှုံးမှု များတယ်။ ဒါဟာ သတိထား စရာပါ။ မှဲ့ကင်ဆာဟာ အများအားဖြင့် ယောကျာ်းတွေမှာ ကျောမှာဖြစ်တတ်ပြီး မိန်းမတွေမှာတော့ ခြေထောက်မှာ ဖြစ်တတ်ပါတယ်။

မှဲ့အများစုဟာ ပြဿနာမရှိပါဘူး။ ပုံမှန်နဲ့မတူတဲ့ မှဲ့တွေကတော့ သတိထားရမယ်။ အသက် ၂၀-၃၀ ကျော်မှ ပေါ်လာတဲ့ မှဲ့တွေကိုလည်း သတိထားသင့်တယ်။ မှဲ့တစ်ခုရဲ့ အရောင်၊ အရွယ်၊ ပုံသဏ္ဌာန်မှာ ပြောင်းလဲမှုရှိရင် ကျွမ်းကျင်သူ ဆီသွားပြီး စစ်ဆေးပါ။ မှဲ့မှာ သွေးထွက်တာ၊ အရည်ထွက်တာ၊ ယားတာ၊ အဖတ်ကွာတာ၊ နာတာတွေကလည်း အရေးကြီးတဲ့ အချက်တွေပါ။ တစ်ကိုယ်လုံးကို စစ်ဆေးပါ။ နေရောင် အထိများတဲ့ လက်မောင်း၊ လက်၊ ရင်ဘတ်၊ လည်ပင်း၊ နားရွက်နဲ့ မျက်နှာနေရာတွေကို ပိုပြီး သတိထားစစ်ဆေးပါ။ ထူးခြားမှုရှိရင် ကျွမ်းကျင်သူထံ သွားရောက်ပြသပါ။

မှဲ့ကင်ဆာ ဟုတ်၊ မဟုတ်

မှဲ့တစ်လုံးဟာ မှဲ့ကင်ဆာ ဖြစ်၊ မဖြစ်ဆိုတာကို သိရှိနိုင်တဲ့ ပြောင်းလဲမှုတွေ ရှိတယ်။ အရောင်၊ အရွယ်၊ ပုံသဏ္ဌာန်နဲ့ အခြားပြောင်းလဲမှုပေါ့။ အလွယ်အားဖြင့် ABCD အနေနဲ့ မှတ်သားနိုင်တယ်။

ဒီ ABCD ပြောင်းလဲမှုတွေကို သတိထားမိရင် အရေပြား ဆရာဝန်နဲ့ အမြန်ဆုံးတွေ့ဖို့ လိုတယ်။ အသားစယူစစ်ဆေးခြင်း (Biopsy)နဲ့ အခြားဓာတ်ခွဲစစ်ဆေးချက်တွေလည်း လိုကောင်းလိုမယ်။

မှဲ့အတွက် ခံယူနိုင်တဲ့ ကုသမှု

မှဲ့အများစုဟာ ဒုက္ခမပေးတတ်ဘူး၊ ကင်ဆာ မဖြစ်စေ ဘူး၊ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း မထိခိုက်စေဘူး။ သာမန် ကနေ ကွဲပြားတဲ့မှဲ့တွေကိုတော့ ဂရုစိုက်ရမယ်။ ကွဲပြားတယ် ဆိုတာ အရွယ်ပြောင်းတာ၊ အရောင်ပြောင်းတာ၊ ယားလာတာ၊ သွေးထွက်တာ၊ နာတာ၊ အသက်ကြီးမှ ပေါ်လာပြီး အကြီး မြန်တာ စတာတွေ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင် ကျွမ်းကျင်သူနဲ့ စစ်ဆေးရပါမယ်။ အသားစခွဲစိတ်စစ်ဆေးဖို့ လိုအပ်တယ်။ မှဲ့ကင်ဆာဆိုရင်တော့ ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ပြကုသခြင်းတွေ လိုအပ်တယ်။

တချို့ကတော့ ရိုးရိုးသာမန်မှဲ့ပဲ။ ဒါပေမဲ့ ထိခိုက်လွယ်တဲ့ နေရာမှာ ဖြစ်နေလို့၊ အဝတ်အစား စတာတွေနဲ့ အလွယ်တကူ ပွတ်မိလို့၊ ကြည့်လို့မကောင်းလို့၊ ဗေဒင်ကိန်းခန်းအရ မကောင်း လို့စတာတွေကြောင့် ဖျက်ကြတာလည်း ရှိတယ်။ ထုံဆေးသုံး ပြီး ခွဲစိတ်ခြင်း သို့မဟုတ် စက်နဲ့ထုတ်ခြင်းများပြုလုပ်နိုင်တယ်။ မှဲ့ပျက်စေဖို့ အက်ဆစ်နဲ့တို့ခြင်း၊ စားခြင်းကတော့ မလုပ် သင့်ဘူး။ မှဲ့ရော၊ အသားကောင်းပါ လောင်ပြီး အမာရွတ် ကျန်တတ်လို့ပါ။

လွဲမှားနိုင်သောအချက်များ

တင်းတိတ်၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေဟာ မှဲ့နဲ့ မှားတတ်တာတွေပါ။ တင်းတိတ်က သိသာတယ်။ မျက်နှာ၊ ပါးတွေမှာ ညိုညိုမည်းမည်းအကွက်တွေပါ။ မှဲ့ခြောက်ဟာ လည်း အညိုအစက်အပြောက်လေးတွေအနေနဲ့ ပါးမှာ အများစု တွေ့ရတယ်။ နေလောင်ကွက်ကတော့ လူကြီးပိုင်းမှာ ပိုတွေ့ရ တယ်။ တစ်ခါတစ်ရံ စမ်းလို့ရတယ်။ မည်းမည်းထူထူအဖတ် လေးတွေ ကပ်နေသလိုပဲ။ မျက်နှာအပြင် နေရောင်ထိတဲ့လက် တွေမှာပါ တွေ့ရတတ်တယ်။ ဆရာဝန်ကတော့ ဒါတွေကို အလွယ်တကူ ခွဲခြားပေးနိုင်ပါတယ်။

ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကုဆရာဝန်)